Tuesday, January 29, 2013

ကေအိုင်အေတို့၏ ခံစစ်စခန်းများကို မြန်မာ့တပ်မတော် ဘယ်လို တိုက်ခဲ့သလဲ


မြန်မာ့ တပ်မတော်သားများ အဖို့ စခန်းသိမ်းတိုက်ပွဲဆိုသည်နှင့် အရင်ဆုံး ပြန်လည် မြင်ယောင်ကြသည်မှာ ထိုင်း-မြန်မာ နယ်စပ်တွင် အိုမီဂါပုံ ၊ သို့မဟုတ် ပုလင်းခွံ တစ်လုံးပုံကဲ့သို့ အ၀င် တစ်ပေါက်သာ ရှိသည့် စခန်းများကို သိမ်းယူနိုင်ခဲ့သည့် တိုက်ပွဲများ ပင်ဖြစ်သည်။ အဆိုပါ စခန်းများသည် နိုင်ငံခြားသားများ၏ အကူအညီဖြင့် တည်ဆောက်ခဲ့ပြီး
ဘယ်တော့မှ မဆုံးရှုံးနိုင်ဟု ယုံကြည်ခဲ့သည့် ခံစစ် စခန်းများ ဖြစ်သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံ၏ ပြင်းထန်စွာ ကန့်ကွက်မှုကြောင့် လက်နက်ကြီးကျည် တစ်ချက် ကျရောက်ခွင့် မရှိ။ ဘေးဘယ်ညာမှ ပစ်မည် ဆိုရင်လည်း ထိုင်းနယ်နိမိတ်ကို ကျော်ပြီး ပစ်ရမည် ဖြစ်သည့် အတွက် မဖြစ်နိုင်။ ထိုမျှ ခက်ခဲသော ခံစစ်စခန်းအား မြန်မာ့တပ်မတော်မှ သိမ်းယူကာ ကရင်ပြည်နယ် အတွင်း ငြိမ်းချမ်းမှုကို တည် ဆောက် နိုင်ခဲ့သည်။

ယနေ့ ကေအိုင်အေတို့၏ ခံစစ်စခန်းများ ဆိုသည်မှာ ထိုခံစစ်၏ အပုံ ၁၀၀ ပုံ ၁ ပုံမျှ မရှိ။ သစ်ပင်ကြီး မှန်သမျှ တစ်ဖက်နိုင်ငံသို့ ခိုးထုတ်ရောင်းချသဖြင့် ဘန်ကာများ ပြုလုပ်ရန်အတွက် ခိုင်ခံ့သည့် သစ်လုံးကြီးများ အသုံး မပြုနိုင်။ ထို့အတွက် ရွှေဥာဏ်တော် စူးရောက်ကြသော ကေအိုင်အေများမှ တိုင်ကီများကို ဘေးမှ ဒေါင်လိုက် ၂ ခြမ်းဖြတ်ကာ မြေကြီးထည့်ပြီး ခံကတုတ် ပြင်ကြသည်။ မိုးလုံ၍ ကျည်မလုံသော ခံကတုတ် ဘန်ကာ များ ပင် ဖြစ်သည်။

အစောပိုင်း ကာလများတွင် ကေအိုင်အေတို့မှ မြန်မာ့တပ်မတော်၏ စစ်ကြောင်းများကို ကြားဖြတ် တိုက်ခိုက် သည့် အချိန်တွင် အဆိုပါ ခံစစ်စခန်းများမှ တိုက်ရိုက် ပစ်ကူပေးခဲ့ကြသည်။ အကြိမ်ကြိမ် ထိခိုက်ကျဆုံးမှုများ ဖြစ်လာချိန်တွင်တော့ မြန်မာ့တပ်မတော်သားတို့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ကြရတော့သည်။

သို့သော် ခံစစ် စခန်းများ အား သိမ်းယူရန် အစီအစဉ် မရှိ။ မိမိကိုယ်မိမိ ခုခံကာကွယ်ခြင်းမှ အပ ပစ်ခတ်မှုများ မပြုရဆိုသည့် အမိန့်များ ကြောင့် သတိဖြင့် သွားလာလှုပ်ရှားကာ တာဝန်ကို ထမ်းဆောင်ခဲ့ကြသည်။ ထိုအခြေအနေကို အခွင့်ကောင်းယူ၍ တပ်မတော် စစ်ကြောင်းများအား အင်အား အဆမတန်ဖြင့် ခြုံခိုတိုက်ခိုက်ခြင်း၊ ပတ်ဝန်း ကျင် တောင်ကုန်း များပေါ်မှ မြန်မာ့တပ်မတော်၏ သွားလာလှုပ်ရှားမှုများကို အလွယ် တကူ တွေ့ မြင်ရ ခြင်း၊ လက် နက်ကြီးများ ဖောဖောသီသီ အသုံးပြု တိုက်ခိုက်လာခြင်းတို့ကြောင့် တာဝန်ရှိသူများမှ အဆင့်ဆင့် တင်ပြကာ ခံစစ်စခန်းများအား သိမ်းပိုက်စိုးမိုးရန် တင်ပြခဲ့သည်။ သို့သော် ကေအိုင်အို ထံသို့ အကြောင်း ကြားပါ။ ငြိမ်းချမ်းရေးကို မပျက်ပါစေနှင့် ဆိုသော အထက်မှ ညွှန်ကြားချက်များ ပေးခဲ့သည်ဟု သိရသည်။ ကေအိုင်အေမှ လက်မခံနိုင်ကြောင်း ငြင်းဆန်ခဲ့ပြီးနောက် ဒေသခံများ နေထိုင်သည့် ကျေးရွာ များ၊ ဒေသ ခံပြည်သူများအား လုံးဝထိခိုက်မှု မရှိစေရ ဆိုသည့် ပြင်းထန်သည့် ကန့်သတ်မှုဖြင့် ခံစစ်စခန်းများအား အကန့်အသတ်ဖြင့် တိုက်ခိုက် သိမ်းပိုက်ရန် ညွှန်ကြားချက် ရရှိခဲ့သည်။

စခန်းသိမ်း တိုက်ပွဲများ၏ သဘောသဘာဝအရ ခြေလျင်၊ အမြောက် ပူးပေါင်း စစ်ဆင်ကြသည်။ ၁၂၀ မမ လက်နက်ကြီးများဖြင့် ရန်သူကို ဦးနှိမ် ပစ် ခတ်ကြသည်။ ထို ၁၂၀ မမ ဆိုသည်မှာ သစ်လုံးဘန်ကာအတွင်းမှပင် ထွက်ပြေးရလောက်သည် အထိ ထိခိုက်မှုအား ပြင်းထန်သည်။ ထို့ကြောင့် ကေအိုင်အေတို့ မခံနိုင်။ ၁၂၀ ပစ်သည်နှင့် ထိုစခန်းသည် အလိုအလျောက် ကျဆုံးပြီး ဖြစ်သည်။ အခိုင်အမာ ခံကတုတ်များ မရှိသည့်အတွက် တပ်မတော်၏ လက်နက်ကြီး ဒဏ်ကို မခံနိုင်ကြ။ သို့သော် ကေအိုင်အေတို့မှ တပ်မတော်မှ ဓာတု လက် နက်များ၊ ကလတ်စတာ ဗုံးများ အသုံးပြုသည် ဆိုကာ ပြည်ပအသံလွှင့်ဌာနများမှ အသံလွှင့်ကြသည့်အခါ နိုင်ငံ ရေးအရ ၁၂၀ မမ အစား ၈၀ မမ ပြောင်းသုံးရန် ညွှန်ကြားခဲ့သည်။

ထိုအပြောင်းအလဲမှ စ၍ ကေအိုင်အေတို့ အသံပြန်ထွက်လာခဲ့ကြသည်။ တပ်မတော်မှ ပစ်ခတ်ချိန်တွင် ပုန်း အောင်း နေပြီး ခြေလျင်တပ်များ စတင်တက်ရောက်သည်နှင့် လက်နက်ကြီးများ သုံးကာ တန်ပြန်တိုက်စစ်ဆင် ကြသည်။ ထိုသည်နှင့် တစ်ပြိုက်နက် အခြားအဖွဲ့ များမှ ထို အဖွဲ့များကို အထောက်အကူ ပေးမည့် တပ်ဖွဲ့များ အား ဖြတ်တောက် တိုက်ခိုက်သည်။ ထိုသို့သော နေ့စွဲမှ တိုက်ပွဲများတွင် ရန်သူ့ စခန်း ခြံစည်းရိုး၌ ကျဆုံးကျန်ရစ်ခဲ့သည့် စစ်သည်များစွာ ရှိခဲ့သည်။ တိုက်ပွဲ အရှိန်ကျချိန်တွင် အဆိုပါ ရန်သူ့စခန်းကုန်းပေါ် ကြည့်ပါ က သေဆုံးနေသည့် စစ်သည်များ၊ ဆဲဆို အော်ဟစ်နေသည့် ကေအိုင်အေ များ၊ ထမီကို လှန်ပြ စိန်ခေါ်နေသော ကေအိုင်အေ အမျိုးသမီးများ ကို မြင်တွေ့ ရမည် ဖြစ်သည်။

ထို့နောက်ပိုင်းတွင်တော့ တပ်မတော်(လေ)နှင့် ပူးပေါင်း စစ်ဆင်ခဲ့ရာ ကေအိုင်အေတို့ နလံ မထူနိုင်ကြတော့ပါ။ တပ်မတော်(လေ)၊ အမြောက်တပ်၊ ခြေလျင် ပူးပေါင်း စစ်ဆင်မှုဖြင့် စခန်းများအား တစ်ခုပြီး တစ်ခု အချိန်တို အတွင်း သိမ်းပိုက် စိုးမိုးနိုင်ခဲ့သည်။
နည်းဗျူဟာ ပြောင်မြောက်မှုနှင့် ရဲဝံ့စွံ့စားမှု အရှိဆုံး တိုက်ပွဲမှာ ခါယာတိုက်ပွဲ ပင် ဖြစ်သည်။

ခါယာတောင် ကြောမှာလည်း ကေအိုင်အေတို့ နောက်ဆုံးခံတပ် ဖြစ်သည်နှင့်အမျှ ထိရောက်သော ပြင်ဆင်မှုများ ပြုလုပ်ထား ကြသည်။ မျက်နှာစာများ တစ်လျှောက်သည် သတ်ကွင်းသာ ဖြစ်သည်။ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူ သာ အတိအကျရပါက အလွယ်တကူ သိမ်းပိုက်နိုင်သော်လည်း လိုင်ဇာအနီးသို့ ကပ်နေခြင်း၊ ပစ်ခတ်မှု များ ကြောင့် ဘေးထွက်ဆိုးကျိုးများ ရှိနေခြင်းတို့ကြောင့် ရဲစွမ်းသတ္တိပြ တိုက်ပွဲဆင်နွှဲခဲ့ကြရသည်။

ရန်သူ မျှော်လင့်ထားသည့် လမ်းကြောင်း ဖြစ်သော မျက်နှာစာမှ သွေဖယ် ကာ ရန်သူ မမျှော်လင့်နိုင်သည့် တောင် ကုန်းကြား လျှိုများမှ ရန်သူ့စခန်းအထိ ချဉ်းကပ်ပြီး တိုက်ခိုက်ခြင်းပင်ဖြစ်သည်။ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်မှတ် မှတ်ပုံတင်ပြီး ကေအိုင်အေများမှ အသင့်စောင့်နေကြသည်။ တက်လာ၍ ကျဆုံး သည်နှင့် ကင်မရာများဖြင့် မှတ်တမ်းတင်ရန် ပြင်ဆင်ထားကြသည်။ သို့သော် ရဲရင့်ပြောင်မြောက်သော မြန်မာ့ တပ်မတော်သားများမှ အပင်ပန်းခံ၍ အလစ်အငိုက်ကို ရယူကာ ရန်သူ့စခန်းအား အောင်မြင်စွာ သိမ်းပိုက်နိုင် ခဲ့ကြသည်။

အခန့်မသင့်၍ ရန်သူ သတိထားမိပါက ထိုတိုက်ပွဲတွင် ကျဆုံးမည့် မြန်မာ့တပ်မတော်သား အရေ အတွက်မှာ မမှန်းဆနိုင်။ ရဲဝံ့၍ စစ်ရေးစွမ်းရည် ထက်မြက်သော တပ်မတော်သားများ၏ စွမ်းရည်ကြောင့်သာ ကေအိုင်အေတို့၏ စခန်းများ အလွယ်တကူ ဆုံးရှုံးခဲ့ရခြင်း ဖြစ်ပေသည်။
oppositeyes.info

No comments:

Post a Comment

Post a Comment